Friday, August 28, 2015

မြန်မာစာကိုမြန်မာလိုပီပီသသရေးကြပါစို့

မြန်မာစာကို မြန်မာလို ပီပီသသ ရေးကြဖို့
++++++++++++++++++++++++++++

++++++++++++++++++++++++++++
၂၀၀၈ ခုနှစ် အောက်တိုဘာ ၈ ရက်က လူမှုကွန်ရက် စာမျက်နှာတွင်တင် ထားသော''စာပြင်ဆရာ''ဆိုသည့် ဘာသာပြန် Post တစ်ခုကို ဖတ်လိုက် ရသည်။
ကွန်ပျူတာစာစီသမားတစ်ယောက်ဟာ ဂျာနယ် ဖောင်ပိတ်ရက်မှာဝိုင်းဖွဲ့သောက် စားရင်းက အရက်အမူး လွန်ပြီး သချို င်္င်း တစ်ခုထဲက အုတ်ဂူတစ်ခုပေါ်ကို ရောက်သွား ပါတယ်။ အမူးပြေသွားမှ ဂူပေါ်ရောက်နေ တာသိပြီး ကြက်သီးမွေးညင်းထ လာပါတယ်။ သူက တစ္ဆေအလွန် ကြောက် တတ်တာကိုး။ သူ့ဘေးက ဂူကိုကြည့်လိုက်တော့ လူတစ်ယောက်က ဂူကိုထွင်းနေ တာ တွေ့ရတယ်။
ကွန်ပျူတာသမား - ဟာ... လန့်သွားတာပဲဗျာ။ သရဲမှတ်လို့။ ဒါနဲ့ ခင်ဗျားက ဘာလုပ်နေတာလဲ။
ဂူထွင်းသမား - ဒီမှာဗျာ . . စာလုံးပေါင်းမှားနေလို့ ပြင်ရေးမလို့ လုပ်နေတာ။
ကွန်ပျူတာသမား - ခင်ဗျားက မှောင်ကြီးမည်းမည်း ထဲမှာ စာလုံးပေါင်းမှား တာ ဘယ်လိုလုပ်သိလဲ။
ဂူထွင်းသမား - ဒါက ကျွန်တော့်အုတ်ဂူလေ။ ကျွန် တော့်နာမည် ဘယ်လို စာလုံးပေါင်း လဲ သိတာပေါ့ဗျာ။ ကျွန် တော်မသေခင်တုန်းက စာပြင်ဆရာ လုပ်ခဲ့တယ်လေဗျာ
အရက်မူးနေတဲ့ ကွန်ပျူတာသမား တစ်ချိုးတည်း လစ်ပါလေရောဆိုပြီး သူ့ဟာသ ကို အဆုံးသတ်ထားတာ ဖတ်လိုက်ရပါသည်။ ဤဟာသ တိုလေး ကို ဖတ်ပြီး ကိုယ် တိုင်ကလည်း စာပြင်ဆရာဖြစ်ခဲ့လေတော့ ''စာပြင်ဆရာ များ သေတာတောင် စာလုံးပေါင်းအမှားကို လိုက်ပြင်တုန်းပါ လား။ အစွဲမကျွတ် နိုင်ပါလား''ဟု ဆင်ခြင်မိပါသည်။
တကယ်တမ်းပြောရလျှင် စာပြင်ဆရာဆိုသည်မှာ ကြေးတွေ ညှော်တွေနှင့် ညစ်ပေနေသော ကလေးတစ် ယောက် ကို ရေချိုးပေး ရသည့်သူနှင့် တူပါသည်။ ရွှံ့ထဲ ဗွက်ထဲ ပေကျံနေအောင် ဆော့လာသော ကလေး တစ်ယောက် ကို မြင်ကြည့်ပါ။ ခေါင်းမှာလည်း ရွှံ့တွေက ဆံပင်ကြို ဆံပင်ကြားမှာ ပွရနေမည်။ တစ်ကိုယ်လုံးမှာလည်း နွံစော် တွေနံပြီး ညစ်ပတ်နေမည်ဆိုလျှင် ဦးစွာ ကလေး ကို ရေ ချိုးရပါမည်။
ပြီးလျှင် ခေါင်းက ရွှံ့တွေ ပြောင်သွားအောင် ခေါင်းလျှော် ရည်ဖြင့် ခေါင်းလျှော် ရပါ မည်။ ပြီးလျှင် ဆပ်ပြာ တိုက် ၍ ကြေးချွတ် ရပါလိမ့် မည်။ သို့မှသာ သန့်စင် သော ကလေးတစ်ယောက်အဖြစ်ကို ရပါလိမ့်မည်။
စာပြင်ဆရာသည် ကလေးကို ရေချိုးပေးရသူနှင့်တူ လျှင် အယ်ဒီတာများက ကလေးကို အလှပြင်ပေးရသူနှင့်တူ ပါလိမ့်မည်။ သူတို့က ကလေးနှင့် လိုက်ဖက်မည့် အလှအပ အဆင်တန်ဆာတို့ဖြင့် အမြင် တင့်အောင် ပြင် ဆင်ပေး ရ ပါလိမ့် မည် ။ ခေါင်းပြောင်း သင့်တာပြောင်း၊ စာမချောတာ ကို ချောအောင်ပြင်၊ အဆီအငေါ်မတည့်သည်များကို အကြောင်း အကျိုး ဆီလျော်အောင် ပြင်ဆင်ပေးခြင်းဖြင့် စာဖတ်သူတို့အမြင် တွင် နှစ်လိုဖွယ် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း စာစောင်တစ်ခု ဖြစ် လာအောင် အားထုတ်ကြ ရပါလိမ့်မည်။
ယခုတလော အမှားအယွင်းတွေများလှ၍ စာဖတ် သူတို့က Facebook ပေါ် တွင်တင်ကာ ဝေဖန်ခံနေရ သည်များကို ကြိမ်ဖန် များစွာ တွေ့နေရပါသည်။ သတင်းစာ၊ ဂျာနယ်ဟူသည် အချိန်ကိုလု၍ အချိန်မီအောင်လုပ်ဆောင် ရသည်မို့ မှားတတ်သည့် သဘာဝ ရှိပါသော်လည်း စာ ဖတ်သူတို့ကိုငဲ့ကာ အမှားကင်းနိုင်သမျှကင်းအောင် ကြိုး စားရန် တာဝန်ရှိပါသည်။
သည်နေရာတွင် စာပြင်ဆရာ ဆိုသည်မှာ အယ်ဒီတာတို့၏ လက်စွဲလည်းဖြစ် သည်မို့ အမှားနည်းအောင် ကြိုးစားပြင်ဆင်ပေးကြရ သည် မှာ လည်း သဘာဝပင်ဖြစ်ပါ သည်။ သို့သော် ပြင်သင့်သည်ကို သာပြင်၍ မပြင်သင့်သည် တို့ ကို မပြင်အပ်ကြောင်း ဆရာ့ ဆရာကြီးများရေး သားခဲ့သည့် ဆောင်းပါးအချို့တွင် တွေ့ရ သည်။
ဆရာဇေယျ၏ 'စာပြင်ဆရာ'ဆောင်းပါးတွင်-
''သက္ကရာဇ် ၁၂၆၀ ကျော်လောက်က မန္တလေးတွင် နာမည်ကျော်ကြားလျက် တပည့်တပန်း များပြားသော ဆရာတော်ကြီး တစ်ပါးရှိသည်။
ထိုဆရာတော်ကြီးသည် ဆွမ်းဘုဉ်းပေးသည့်အချိန် တပည့်များအား စာပို့ချသည့် အချိန်မှလွဲလျှင် ကျောင်း၌ ရှိသော ပေစာ၊ ပုရပိုက်စာ များကိုသာ ဖတ်ရှုလေ့လာခြင်းဖြင့် အချိန်ကုန်စေသည်။ ပေစာများ အနက် ရှေး ဆရာတော်ကြီး အဆက်ဆက်ကြည့် ရှုအသုံးပြုသွားသော ပရိတ်ကြီး တစ်စောင်ကို နေ့စဉ်လိုလို သုံးသပ်ကြည့်ရှုလေ့ရှိသည်။
ကျမ်းဂန်ကျနသော ပုဂ္ဂိုလ် ကြီးဖြစ်သည့်အတိုင်း ပေစာ၊ ပုရပိုက်စာများတွင် အမှား များကို မြင်တော်မူ၏။ သို့သော် မည်သည့်အခါမျှ ပြင်ဆင် ရေး သားခြင်းမပြု။ ဖယောင်းစက်ကလေးများ ချ၍ မှတ် သားပြီး မူလအတိုင်းသာ ရှိစေသည်။ ထိုသို့ကြည့်ရှုနေစဉ် ပရိတ်ကြီးပေ တွင်လည်း တစ်နေရာ၌ တစ်ချောင်း ငင် ပါရမည်ကို မပါဘဲရှိရာ ဖယောင်းစက်ချ၍သာ မှတ်သား ထားလေသည်။
တစ်ခါသော် ဒကာတော်တစ်ယောက်က ထိုပေစာ ကလေးကို ကြည်ညိုလှ၍ ကူးယူလိုပါသည်ဟု လျှောက် ၏။ ဆရာတော်ကြီး သည် ရုတ်တရက် ခွင့်မပြု၊ သုံးလေး ကြိမ် အဖန်ဖန်လျှောက်ဖန်များမှ ဒကာ့အစား ကူးမည့် စာရေးကို စစ်ဆေးပြီးလျှင် ခွင့်ပြုတော် မူလိုက်သည်။ နောက် ဥပုသ်တစ်ပတ်ကြာလောက် ကြာလျှင် ရေးကူးပြီး ဒကာလည်း ပေကို ဆရာတော်အား ပြန်၍ အပ်လေသည်။
တစ်နေ့သောအခါ ဆရာတော်သည် ထိုပေစာ လေးကို ကြည့်ရှုသုံး သပ်ပြန် ရာ တစ်ချောင်းငင်ကျန်နေ သောနေရာတွင် မိမိမှတ်သားသော ဖယောင်း စက်ကလေး မရှိတော့ဘဲ တစ်ချောင်းငင်ကလေးရောက်နေသည် ကို တွေ့ရလေသည်။
စုတ်တသတ်သတ်နှင့် ကြည့်ပြီး ဒေါသ ဟုန်းခနဲဖြစ်လာကာ ဒကာနှင့် စာရေးကို ချက်ချင်းခေါ်၍ 'ဒီတစ်ချောင်းငင် ဘယ်သူထည့်သလဲ''ဟု စစ်လေသည်။
စာရေးက -
''တပည့်တော် ထည့်လိုက်ပါတယ်ဘုရား''
''ဘာဖြစ်လို့ ထည့်တာလဲ''
''ကျ ကျန်ရစ်လို့ ထည့်လိုက်ပါတယ် ဘုရား''
''ဟင် . . ဒီတစ်ချောင်းငင်မပါတာ ငါ့ဆရာ့ဆရာ တွေကလည်း သိ၊ ငါလည်း အသိ၊ ငါ့ ဆရာ့ဆရာတွေ မထည့်ခဲ့၊ ငါလည်းမထည့်၊ နင်ထည့်မှ ငါတို့ သိမှာလား။ နင်ထည့်လို့ ဆရာအဆက်ဆက်က ပေပျက်ပြီ။ 'ခွေးမ သား လူတတ်လုပ်လို့ ပြင်ဦးဟ'ဟုဆိုကာ ခြေနှင့်ကန်၊ ဖနောင့်နှင့် ပေါက်၊ ဒူးနှင့်တိုက်သဖြင့် ဒကာရော စာရေးပါ တစ်ချောင်းငင်ထည့်မှု အတွက် ကျောင်းပေါ်က ပြေးခဲ့ရဖူး သည်ဟု မောင်ကြည်မွန်ရေးသားသော ''စာပြင်ဆရာ ဒူးတိုက်ခံရခြင်း''ဆောင်းပါးတွင် ဖော်ပြထားလေသည်။
စာပြင်ဆရာတွေ ဒူးတိုက်ခံရသည်မှာသည်တစ်ကြိမ် တည်းမဟုတ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လည်း တပည့်သားမြေးများကို ယခုလို ဒူးတိုက်ဆုံးမလေ့ရှိသည် ဟု ဖတ်ရဖူးသည်။ ဆရာမှိုင်းသည် အသက် ၁၉ နှစ်အရွယ် မှာပင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စာစီ၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ သတင်းစာအယ်ဒီတာအဖြစ် ဝင်ရောက်လုပ် ကိုင်ခဲ့သူဖြစ်သည်။ တစ်ခါသော် စာအပြင်မှား၍ စက္ကူထုပ် ဖိုး လျော်ပေးခဲ့ရဖူးသည်။ ဆရာမှိုင်းသည် စာပြင်ဆရာ၊ စာရေးဆရာတစ်ဦးလည်းဖြစ်ရာ သူ့စာများကို မမေး မြန်း မစူးစမ်းဘဲ ပြင်ပေးသည်ကို မကြိုက်၊ သူ့စာများကို သူကိုယ်တိုင် ပရုဖတ်ကာ အကြမ်းမှအနုတိုင် ဂရုစိုက် ဆောင်ရွက်လေ့ရှိသူဖြစ်သည်။
သူရေးသောမူတွင် ပြထားသည့်အတိုင်း မဟုတ် လျှင် စာပုံနှိပ်တာဝန်ခံ၊ စာပြင်ဆရာနှင့် ဖိုမင်ကို ချက်ချင်း ခေါ်၍ ပြောသည်။ သူရိယတိုက်တွင် အလုပ်လုပ်စဉ် စာစီပုံ၊ စာပြင်ပုံစည်းကမ်းမကျလျှင် ဖိုမင်နှင့် စာပြင်ဆရာကိုချက်ချင်း ခေါ်၍ ဆူရုံမက ဒူးနှင့်တိုက်တတ်သည်ဟု ဆရာကြီးနှင့် အတူ လုပ်ကိုင်ဖူးသော ရှေးဖိုမင်တပည့်ဟောင်းကြီးများ က ပြောကြောင်း မှတ်တမ်းတင် ထားသည်။
မိမိတို့စာပြင်ဆရာဘဝတွင်လည်း သတင်းစာ တိုက်တွင် အလုပ်လုပ်ကိုင် စဉ် အမှားအယွင်းဖြစ်ပါက စာပြင်ဆရာ၊ ကွန်ပျူတာစာစီဆရာ၊ ကွန်ပျူတာ အခန်းမှူး၊ ဖောင်ကိုင်အယ်ဒီတာအထိ တာဝန်ရှိသူအဆင့်ဆင့်ကို အယ်ဒီတာချုပ်က သူ့အခန်းထဲခေါ်၍ ဆူတာ၊ ကြိမ်း မောင်းတာ၊ ရာထူးချတာ၊ ဌာနပြောင်းတာတွေ ခံခဲ့ရဖူး သည်။
စာပြင်ဆရာဘဝ ကို ဖြတ်သန်းခဲ့ဖူးသော နိုင်ငံကျော် စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေ အများအပြားရှိ ပါသည်။ ဥပမာပြရလျှင် ဆရာသာဓုမျိုးဆက် စာရေးဆရာ သုမောင်သည် ၁၉၆၀ ပြည့်နှစ်ကတည်းက ယုဝတီဂျာ နယ်တွင် စာပြင်ဆရာဘဝမှစ၍စာပေနယ်သို့ ဝင်ရောက်ခဲ့ သူဖြစ်သည်။ ဆရာမင်းလူသည်လည်း သတ်ပုံသတ်ညွှန်း ဂရုစိုက် တတ်ကြောင်း သူရေးခဲ့သည့် ''မှန်တတ်သော သတ်ပုံ''ဆောင်းပါး တွင် ယခုလိုရေးသားခဲ့သည်။
''ကျွန်တော်တို့ ဦးလေးတစ်ယောက် ကြုံခဲ့ရတာ ပြန်ပြောပြလို့ ကြားဖူးသည်။ သူတို့ငယ်ငယ်က မြန်မာ ပညာရှိတွေကြားမှာ အကြီးအကျယ်သဘောထား ကွဲခဲ့ကြ သည့် ကိစ္စတစ်ခုဖြစ်ခဲ့၏။ 'ဖ' ဂိုဏ်းနှင့် 'ဘ'ဂိုဏ်း ဘယ် ဟာမှန်သလဲ ငြင်းခုံခဲ့ကြခြင်းဖြစ်၏။ ထိုကိစ္စမှာ တဖြည်း ဖြည်းကြီးထွား လာပြီး 'ဖ'ဂိုဏ်းက 'ဖေဖေ၊ ဖိုးဖိုး၊ စား သောက်ဖွယ် ၊ တောင်ဖက်မြောက် ဖက်' စသည်ဖြင့် စာ လုံးပေါင်းရမည်ဟု ဆိုသည်။ 'ဘ' ဂိုဏ်းကလည်း 'ဘေ ဘေ၊ ဘိုးဘိုး၊ စားသောက်ဘွယ်၊ တောင်ဘက်မြောက်ဘက်' ဟု စာလုံးပေါင်း မှ မှန်သည်ဟု ငြင်းသည်။ ဒီပြဿနာ ကြားမှာ ဦးလေးက အချောင်ခံရသည်။ ကျောင်းမှ ဆရာက 'ဖ' ဂိုဏ်းသား၊ အိမ်မှ အဖေက 'ဘ' ဂိုဏ်းဝင်၊ ဆရာသင် တဲ့အတိုင်း 'ဖ' နဲ့ရေးလာပြီး အိမ်ရောက်တော့ အဖေက 'ဘ' ပြင်ခိုင်းသည်။ ထိုအခါ ဆရာက သူသင်တဲ့အတိုင်း ရေး မလာရကောင်း လားဆိုပြီး ရိုက်သည်။ အိမ်ရောက် ပြန်တော့လည်း အဖေက သူ့ကို ဖီဆန်ရမလားဆိုပြီး နားရင်း အုပ်သည်။ ကြာတော့ သူသည်းမခံနိုင်တော့။ ထို့ကြောင့် တစ်ရက်မှာ သူ့အဖေကို ခုလို ပြောလိုက်၏။
''ဘေဘေ၊ လမ်းထိပ်က ဆိုင်မှာ ဘွားဘွားအတွက် ဘရောင်းတိုင်နဲ့ဘိုးဘိုးအတွက် ဘရုံယို သွားဝယ်လိုက် ဦးမယ်'' ဟု 'ဘ' သံတွေနဲ့ချည်း ပြောလိုက်ရာ သူ့အဖေ က ''ခွေးမသား၊ ဒါငါ့ကို သက်သက်ငေါ့တာပဲဆိုပြီး ခြေ ထောက်နှင့် ဆောင့် ကန်လိုက် သဖြင့် လှေကားမှ ဒလိမ့် ခေါက်ကွေးကျသွားရသည်''ဟုဆို၏။
ကျွန်တော်တို့ မြန်မာစာပေတွင် စာလုံးပေါင်းသတ် ပုံများ တစ်ပြေးညီဖြစ်စေရန် မြန်မာစာအဖွဲ့မှ စာလုံး ပေါင်းသတ်ပုံကျမ်းနှင့် ခွဲထားကို ပြဋ္ဌာန်းရေးသားထားပြီး ဖြစ်ပါသည်။ ပုံနှိပ်မီဒီယာဖြစ်စေ၊ ယုတ်စွအဆုံး နိုင်ငံခြား ရုပ်ရှင်များတွင် မြန်မာပြန်ရေး သားထားသည့် စာသားများ ပင်ဖြစ်စေ မြန်မာစာလုံးပေါင်းသတ် ပုံကျမ်းနှင့်အညီ ပြင် ဆင်ရေး သားခြင်းဖြင့်သာလျှင် ယနေ့ခေတ်သုံးအမှန် ကို ရရှိမည် ဖြစ်ပါ သည်။
သို့သော်လည်း အချို့သော ပုံနှိပ်မီဒီယာများမှ 'ကျွန် တော်'ကို 'ကျနော်' ဟု ရေးသားနေသည်များ ရှိသလို အချို့က သတ်ပုံသည် အရေးမကြီး၊ အဓိပ္ပာယ်မချို့ယွင်းလျှင် ပြီးတာပဲ ဆိုတာမျိုး ပြီးပြီးရောသဘောဖြင့် သုံးစွဲနေတာ တွေ တွေ့နေရသည်။
ပိုဆိုးသည်မှာ မိမိတို့သင်ယူနေရ သော စာများနှင့် တမင်တကာကွဲလွဲအောင် စတန့်ထွင်ရေး သားနေသော facebook စာမျက်နှာများပေါ်မှ အသုံးလွဲများ ပင် ဖြစ်ပါ၏။ ဘဝကို (ဘွ)၊ ချစ်ချစ်လေးကို ၈၈၄၊ မွမွ၊ ငိုးမသား စသည်ဖြင့် ရေး ထုံးအလွဲ များကို ပေါပေါပဲပဲသုံး လာကြရာ မြန်မာစာ အတွက် ရင်လေးဖွယ်ဟု ဆိုရပါမည်။
တစ်နေ့က comment တစ်ခုကို ''ကျနော့်အမြင် တော့ဗျာ''ဟု ကျွန်တော် ကိုယ်တိုင်ရေးသားထားရာ သား ဖြစ်သူ နှစ် တန်းကျောင်း သားက ကျောင်း မှာ ကျွန်တော် ဟုသာ သင်ယူထားလေတော့ ကျွန်တော်ရေးထားသော ''ကျနော်'' ကို သူ့ခမျာ ဖတ်မရ။ '' ကျ..နော် '' ဟု တစ်လုံး ချင်း ဖတ်ပြသည်ကို ကြားလိုက်ရပါသည်။ ကျွန်တော်ကို ကျနော်ဟု အလွယ်တကူသုံး လိုက်ခြင်းသည် နှစ်တန်း ကျောင်းသားတစ်ယောက်အတွက် ကြီးစွာသော အခက် အခဲဖြစ်သွားရသည်ကို ကိုယ်တိုင်ကြုံလိုက်ရ သည်။
မြန်မာစာကို မြန်မာလို ပီပီသသရေးကြဖို့ လိုအပ် နေပါပြီဟု မီးမောင်းထိုး တင်ပြလိုက်ရ ပါကြောင်း။
ရည်ညွှန်း -
(၁) စာပြင်ဆရာဒူးတိုက်ခံရခြင်း (မောင်ကြည်မွန်)
(၂) စာပြင်ဆရာ (လူမှုကွန်ရက်စာမျက်နှာ)
(၃) ဆရာကြီးသခင်ကိုယ်တော်မှိုင်း (မိုးမခ)
(၄) မှန်တတ်သော သတ်ပုံ (မင်းလူ)

No comments:

Post a Comment

Thank You